ဒဂုံမြောက် အောက်တိုဘာ ၂၃
၂၀၂၂ ခုနှစ် သာသနာရေးဦးစီးဋ္ဌာနမှကျင်းပသည့် စာမေးပွဲအသီးသီးတွင် မဟာဂန္ဓာရုံကျောင်းတိုက်မှ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၂) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အရှင်တိက္ခသေနာလင်္ကာရ (ဓမ္မာစရိယနှစ်ကျမ်းအောင်)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ရွတ်ဖတ်သရဇ္ဇျာယ်သည်။ ယင်းနောက် ဆရာထွန်း(လပွတ္တာ) က ''နိဗ္ဗာန်ကူးရန်စိတ်ရည်သန်” ထေရုပ္ပတ္တိမော်ကွန်းတင် ဂုဏပူဇာမင်္ဂလာရတုပိုဒ်စုံဖြင့် သီဆိုပူဇော်သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် သာသနာရေးဦးစီးဋ္ဌာနမှ ကျင်းပခဲ့သည့် စာမေးပွဲအသီးသီးတွင် မဟာဂန္ဓာရုံကျောင်းတိုက်မှ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် သာမဏေကျော်ဘွဲ့ရတစ်ပါး၊ ဒုတိယအဆင့်အောင်တစ်ပါး၊ ပထမအဆင့်အောင်တစ်ပါး၊ ဓမ္မာစရိယနှစ်ကျမ်းအောင်တစ်ပါး၊ ဓမ္မာစရိယတစ်ကျမ်းအောင်တစ်ပါး၊ အင်္ဂုတ္တရနိကာယဝိဒူဘွဲ့ရတစ်ပါး၊ ဝိနယဝိဒူဘွဲ့ရတစ်ပါး၊ နှစ်ကျမ်းအောင်တစ်ပါး၊ ဝိနည်းတစ်ကျမ်းအောင်နှစ်ပါး၊ ပထမကြီးတန်းအောင်နှစ်ပါး၊ ပထမလတ်တန်းအောင်တစ်ပါး၊ ပထမငယ်တန်းအောင်နှစ်ပါး၊ စုစုပေါင်းသံဃာတော် အရှင်သူမြတ် (၁၅) ပါးတို့အား ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မဟာဂန္ဓာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမာလင်္ကာရာဘိဝံသက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဖွင့်လှစ်ထားရှိသည့် ဇီဝိတဒါနတိုင်းရင်းဆေးခန်းမှ သမားတော်ကြီးများကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်အမှူးပြု၍ ကျောင်းတိုက်၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော် အရှင်သူမြတ်တို့အား (၇) ရက်သားသမီးများ၊ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မဟာဂန္ဓာရုံဆရာတော်ထံမှ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တရားတော်နာယူခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ