ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (လက်ပံတော) တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန် လေ့လာသိရှိထား သင့်သည့်အကြောင်းအရာများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်။

အလားတူ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန် သည် မွန်းလွဲပိုင်းတွင် အခြေခံပညာ အလယ်တန်းကျောင်း (ပိုရွာ)၌ အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)