ရန်ကုန် အောက်တိုဘာ ၈
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကကြီးမှူးကျင်းပသည့် တတိယအကြိမ်မြာက် သဘင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်၊၊
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နာယကကြီးများ၊ ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ သဘင်အစည်းအရုံးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကန်တော့ခံ သက်ကြီးသဘင်ပညာရှင် အဘိုး၊ အဘွားနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကား ပြောကြားခဲ့သည်၊၊
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကန်တော့ခံ သဘင်ပညာရှင် အဘိုး၊ အဘွားများအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းငွေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀)တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒသကြီးအစိုးရအဖွဲ့မှ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အတွက် ဆန်အိတ် (၅၀၀)တို့အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက ဦးချမ်းသာ၊ ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်၊၊
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်တော့ခံ သက်ကြီးသဘင်ပညာရှင် အဘိုး၊ အဘွားများအား ပူဇော်ကန်တော့ကြသည်၊၊
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ကြိုဆိုနှုတ်ခွန်းဆက် ဂါရဝပြုစကား ပြောကြားသည်၊၊
ယင်းနောက် တေးသံရှင်ကျော်ကျော်ဟန်က သဘင်သက်ကြီး ဘိုးဘွားများအား ကန်တော့ချိုးဖြင့် တိုင်ပေပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ တက်ရောက်ကြသူများက ပူဇော်ကန်တော့ကြပြီး သဘင်သက်ကြီးဘိုးဘွားများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်၊၊
ထို့နောက် သဘင်သက်ကြီးဘိုးဘွားများကိုယ်စား ကန်တော့ခံ သဘင်ပညာရှင် အဘိုးဦးအောင် တင်ဝင်းက ဆုတောင်းမေတ္တာစကား ပြောကြားသည်၊၊
ယနေ့ တတိယအကြိမ်မြောက် သဘင်ပညာရှင် သက်ကြီးပူဇော်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကန်တော့ခံ အသက်ကြီး သဘင်ပညာရှင် အဘိုးအဘွား ၁၁၁၆ ဦးအား ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သိရသည်၊၊
ထို့နောက် သဘင်သက်ကြီးပူဇော်ပွဲတွင် ကန်တော့ပစ္စည်း၊ ကန်တော့လှူဒါန်းငွေများဖြင့် ပူဇော်ကန်တော့ခဲ့သည့်အပြင် အသက်အရွယ်နှင့် အခြေအနေအရပ်ရပ်တို့ကြောင့် သဘင်အနုပညာနှင့်ဝေးကွာနေကြရသော သဘင်သက်ကြီး အဘိုး၊ အဘွားများအား စိတ်ဓာတ်ခွန်းအား ဖြည့်တင်းမှုအလှူအဖြင့် သဘင်မိသားစုများက ဆိုင်း၊ အက၊ အငြိမ့်၊ ဇာတ်တော်ကြီး၊ ဆက်ကပ်၊ မျက်လှည့်တို့ဖြင့် မျိုးဆက်သစ်သဘင်လူငယ်များက ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်၊၊
အောင်မြင့်(ပြန်/ဆက်)