ကျောက်ဆည် အောက်တိုဘာ ၅
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောက်ဆည်မြို့နယ် အနောက်သာဂရ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်သူရိန်ထွန်းက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ၊ ပြည့်စုံမှသာ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာမည်ဖြစ်ရာ စာပေအသိပညာများ ဖတ်ရှုလေ့လာပြီး အမှားအမှန်ခွဲခြား၍ ထူးချွန်သူများဖြစ်စေရန် ကြိုးစားကြရန်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံထူးချွန်ထက်မြက်စေရန်၊ ပရိသတ်ရှေ့ တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊စာပေ ဗဟုသုတများရရှိပြီး လူငယ်အချင်းချင်းအသိပညာများဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်၊ ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အနောက်သာဂရ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-10မှ ကျောင်းသားများဖြစ်သည့် မောင်မြတ်သူလင်းက လူငယ်နှင့်စည်းကမ်း၊ မောင်ဟိန်းမင်းခန့်က လူငယ်နှင့်ကိုယ်ကျင့်တရား ၊ Grade-11 မှ ကျောင်းသူများဖြစ်သည့် မဉ္ဇာဘွဲ့မှူးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ မခိုင်ဝေဝေဇော်က လူငယ်နှင့်ကျန်းမာရေး၊ မအိချောဇင်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်မြင့်ကလူငယ်များနှင့် သက်ဆိုင်သောအကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများက ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးပေးသည့်အတွက် များစွာဗဟုသုတရရှိပြီး လိုက်နာမှတ်သားသွားကြရန် ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ကျောင်းသား၊ကျောင်းသူများက လူငယ်စကားဝိုင်းအသိပညာပေးဆွေးနွေးပွဲမှတ်တမ်း ဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝဘေးအန္တရာကြိုတင် ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်