နမ့်ခမ်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အရှေ့၌ ပြောဆိုဆွေးနွေးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တို့ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသွယ်သွယ်ဝင်းက လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအတွက် ကောင်းကျိုးရှိစေရန်ရည်ရွည်၍ ကျင်းပရခြင်းဖြစ်ပြီး ပစ္စုပ္ပန်ကောင်းကျိုးနှင့် နောင်အနာဂတ်ကောင်းကျိုးတို့ များစွာရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြန်/ဆက်ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပေးခဲ့သည်။ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးစိန်ဝိုင်းတို့မှ လူငယ်စကားဝိုင်း သဘာပတိအဖြစ်လည်းကောင်း ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။
ကျင်းပသည့် လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း စတင်ဆွေးနွေးခဲ့ကြရာ အ.ထ.က (၁)ကျောင်းရှိ ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများမှ G-11တန်းမှ မောင်ကျော်ဝင်းနှင့် မမွေခမ်း၊ G-10 တန်းမှ စိုင်းစွမ်မိန်း၊ မဂျာမွန်းပန်၊ မအေးမွန်အောင်နှင့် မမွန်းဆန့်တို့က လူငယ်နှင့်အားကစားခေါင်း စဉ်နှင့်ဆက်နွယ်သည့် သိမှတ်ဖွယ်ရာများ၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားနှင့် ကိုယ်လက်ကြံ့ခိုင်မှုများ၊ အားကစားဝါသနာရှိသူတို့ကို လေ့ကျင့်ပျိုးထောင်ပေးသည့် အားကစားသိပ္ပံကျောင်းနှင့် မြန်မာ့အားကစားလောကအကြောင်းများနှင့် လူသားတိုင်း အသက်အရွယ်မရွေးအားကစား လိုက်စားသင့်သည့် အကြောင်းများစသည့် အားကစားနှင့်ပတ်သက်၍ အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်း၊ ဦးဆောင်ဆွေးနွေးပေးသူများမှလည်း မေးမြန်းသည့် အချက်များကို ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက် ဖြေကြားဆွေးနွေးပေးခြင်းတို့ဖြင့် စကားဝိုင်းတွင် လူငယ်နှင့်အားကစားအကြောင်းအရာပြည့်ပြည့်စုံစုံများဖြင့် အပြန်အလှန်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃) ကျောင်းတို့မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၀၀) ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)