ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအဆင်ပြေ

ကျောက်ဆည် စက်တင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်းစပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း မြစ်ဘေး၊ချောင်းဘေးနှင့်ကျွန်းမြေ၊သဲနှုန်းမြေများတွင် မီးဖိုချောင်သုံး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း သိရှိပြီး ရန်ပုံနှစ်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကြက်ဟင်ခါး စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ကြက်ဟင်းခါးသီးနှံသည် စိုက်ပျိုးပြီးရက်ပါင်း(၃၀)တွင် အပွင့်များစတင်ပွင့်ပြီး (၄၅)ရက်တွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း၊ ခူးဆွတ်ရောင်းချရာတွင် (၄-၅)ရက်တစ်ကြိမ် ခူးဆွတ်ရကြောင်းနှင့် ဘို့တစ်ထောင် ကြက်ဟင်းခါးမျိုး (၁)ထုပ် စိုက်ပျိုးထားပါက စတင်ခူးချိန်တွင် အချိန်(၁၅)ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင်(၇၀/၈၀)ပိဿာခန့်အထိ ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချရာတွင် အပင်ပြုစုကောင်းပါက ခူးဆွတ်ချိန်(၆)လခန့် ခူးဆွတ်ရောင်းချရကြောင်း ကြက်ဟင်းခါးသီးတစ်ပိဿာ (၁၁၀၀)ကျပ် ရောင်းချရသဖြင့် ကြက်ဟင်းခါးစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်းခါးသီးနှံစိုက်ပျိုးမည်ဆိုပါက (၆)ပေခန့်အကွာတိုင်များစိုက်ပြီး (၅)ပေအမြင့် စင်များ ပြုလုပ် ကာ မိမိတို့စိုက်ပျိုးလိုသည့် ကြက်ဟင်ခါးမျိုးများကို တိုင်ခြေနှင့်တစ်ထွာ အကွာတွင် ကျင်းများတူးပြီး အစေ့တိုက်ရိုက်ချ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် အပင်ပတ်လည်၌ အာမိုမြေဩဇာ ဟင်းစားဇွန်းတစ်ဇွန်းခန့် ဖြူးပေးကာရေတင်ပေးရကြောင်းနှင့် ကြက်ဟင်းခါးသီးနှံသည် မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်နည်းပါးကာ အကျိုးအမြတ်များသောကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)