မိတ္ထီလာ ဩဂုတ် ၂၃
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(၂) ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲအမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူ/ကျောင်းသားပြိုင်ပွဲဝင် ၂ဝ ဦးက ပါဝင်ယှဉ်ပြိုင် ပညာရဲရင့်ပွဲလယ်တင့်၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေစောင်လေ့လာစို့၊ ယဉ်ကျေးမှုအမွေ ထိန်းသိမ်းစို့၊ ကျွန်တော့်ရည်မှန်းချက်၊ ပညာမြင့်မှ လူမျိုးတင့်မည် ခေါင်းစဉ်များကို မဲနှိုက်ရွေး ချယ်ပြီး ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲကျောင်းသူကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်မှုအပေါ် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က သုံးသပ်စကားပြောကြားပြီး ဆုရရှိကြသူများအား လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ အ.ထ.က(၂) ကျောင်းအုပ်ဒေါ်ဥမ္မာမြင့် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချမ်းသာ