ဗဟန်း မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ဗဟုသုတများကြွယ်ဝလာစေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူးက ပြပွဲ၊ ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုယှဉ်ပြိုင်ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ပြီး မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ခင်းကျင်းပြသထားသော မုန်တိုင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရေးနှင့် ကိုဗစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရဖွယ် စာအုပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူလူငယ်များမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန္ဒာမိုး