ကမာရွတ် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်းတို့ကို ယမန်နေ့ ညနေပိုင်းက အမှတ်(၆)ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းအဖြစ်သတ်မှတ်ထားသည့် အမှတ်(၃) အခြေခံအထက်တန်းကျောင်ဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာသို့ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့၏ အဖွဲ့ဝင်(၁)၊အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲမှူး၊ မြို့နယ်စည်ပင်သာယာရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှုးတို့မှ လာရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းကြရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးများ ကူညီဆောင်ရွက်ခြင်း လုပ်ငန်းများ၊ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှုများအားကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းပါဝင်ဖွဲစည်းစုဆောင်းထားရှိသော လူ၊ယာဥ်၊ စက်ပစ္စည်းကိရိယာများဖြင့် အသင့်စုဖွဲ့ထားကြောင်း ရှင်းလင်း ပြောကြားသည်။
အလားတူကမာရွတ်မြို့နယ်တွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှု့ရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၅၀)ဦးမှလည်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါကကူညီကယ်ဆယ်ပေးနိုင်ရေး လေ့ကျင့်ပြုလုပ်ခြင်းနှင့် သရုပ်ပြလူပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးအတွက်ရေပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လူနှင့် အသက်ကယ်ပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ ဆက်)