ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာနှစ်ရွာတို့မှ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေမည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီး

ဝမ်းတွင်း ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ နှစ်ရွာတို့မှ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေးဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရာသင်္ချာ ကျေးရွာအုပ်စု ကျားသေကန်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၆၃.၁၂၈ သန်းဖြင့် တင်ဒါအောင်မြင်သော A & A Star ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် အရှည် ၀/၇.၅၈ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အလျား  ၁၈ ပေ၊ အနံ ၅ပေ၊ အမြင့် ၅ ပေ ၉ လက်မရှိ Slab Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီ၍ အဆိုပါကျေးလက်ကုန်ထုတ်လမ်းအား သတ်မှတ်စံချိန်စံညွှန်ဖြင့် အရည်အသွေးပြည့်မီခြင်းရှိ၊ မရှိ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကျေးလက်ကုန်ထုတ်ဆောင်ရွက်ပြီးစီး၍ ကျေးရွာ ၃ ရွာမှ လယ်ယာဧက ၈၇၀ ၏ လယ်ယာထွက်သီးနှံများ စျေးကွက်သို့ ရာသီမရွေးလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ရောင်းချနိုင်ပြီးဖြစ်၍ အိမ်ခြေ ၃၂၀ လူဦးရေ ၁၄၄၀ ဦး  အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)