ဇေယျာသီရိ မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေနှမ်းစိုက်ပျိုးမည့်တောင်သူများအား ဘောင်ကြီးတင် စနစ်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား နည်းပညာပေး ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ကွင်းအမှတ် ၁၆၁၉ ကွင်းတွင် ဆောင်ရွက်ခဲ့သည်။
နွေနှမ်းစိုက်ပျိုးရာတွင် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် တောင်သူများ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ ရေသွင်းစိုက်ပျိုးသည့် နည်းစနစ်ဖြစ်သည့် အတွက် ရေအလေအလွင့်နည်းပါးခြင်း၊ ရာသီဥတုဒဏ်ခံနိုင်၍ အထွက်နှုန်းတိုးခြင်း၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိစေပြီး အသိပညာပေးရှင်းလင်းရာတွင် နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှုး ဦးစိုးနိုင်၊ ခရိုင်မန်နေဂျာများ၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး နှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်အား ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ မန်ကျည်းတောကျေးရွာမှ လက်တွေ့စိုက်ပျိုးနေသည့် တောင်သူဦးထိန်လင်းနှင့် ဦးဇော်ဦးတို့မှ တောင်သူအချင်းချင်း နည်းပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)