ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာကောင်းပြည့်သော်ရေးသားသည့်  အောင်မြင်ကြီးပွားရွှေစကားစာအုပ်အား ယမန်နေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အောင်မြင်ကြီးပွားရွှေစကားစာအုပ်တွင် စာရေးဆရာက စာပိုဒ်တိုတိုများနှင့် ထိထိမိမိ ရေးဖွဲ့ထားသည့်အတွက် လေးနက်သောအသိပညာအတွေးအတွေးအခေါ်များ များစွာရရှိမှာဖြစ်ကြောင်း၊ စာဖတ်ရာတွင် အချိန်မပေးနိုင်သည့် စာပေချစ်မြတ်နိုးသူများ၊ စာအုပ်စာပေများစ၍ဖတ်ရန် ခက်ခဲနေသည့် လူငယ်များအတွက် အထူးအဆင်ပြေသော စာအုပ်တစ်အုပ်ဖြစ်ပြီး အောင်မြင်ရေးလမ်းကြောင်း ဖော်ဆောင်ရာ၌ အဓိကအထောက်အကူပြုစေကာ လူမှုဆက်ဆံရေးနယ်ပယ်များတွင် အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတည်ဆောက်ရာတွင်လည်း အထောက်အပံ့များစွာ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အောင်မြင်ကြီးပွားရွှေစကားစာအုပ်ပါ လူဖြစ်မရှုံးစေနဲ့၊ အသုံးချတတ်ပါစေ၊ သည်းခံပါ၊ အလွယ်မကြိုက်နှင့်၊ အကြောင်းပြချက်မထားနဲ့၊ ပြောင်းလဲချိန်တန်ပြီးစသည့် အကြောင်းရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က ကိုယ်သာလျှင်အဓိက၊ ကိုယ်ကောင်းရင်ခေါင်းမရွေ့၊ ချဲ့တတ်ချုံ့တတ်ပါစေ၊ ယခုကောင်းမှ နောင်ကောင်းမည်၊ ကိုယ့်ကိုယ်ကိုယ်တွန်းလည်းရွေ့ပါတယ်၊ ကဲ့ရဲ့ခြင်းကင်းဝေးပါစေ၊ မသူတော်ချင်းမကောင်းသတင်းဖြန့်၊ မကောင်းတာကိုစိတ်ဝင်စားသူပိုများ၊ ဆင်းရဲခြင်းသံယောဇဉ်ကြိုးကိုဖြတ်ပါ၊ စဉ်ဆက်မပြတ်ကြိုးစားပါစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)