မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း လက်တွေ့လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်

မအီ   ဖေဖော်ဝါရီ    ၂၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်း၍ မြို့မဈေးအပြင်ဘက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော ပြောခြင်း၊ မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့မဈေးအပြင်ဘက် မအီ-ချက်ဖောက်လမ်းပေါ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မအီနယ်မြေမီးသတ်စခန်းမှ ဦးစီးမှူးဦးစောကျော်လင်းက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဈေးသူဈေးသားများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ရောက်ရှိလာကြသည့်ပြည်သူများအား မီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ အောက်ဆီဂျင်လေကိုဖြတ်တောက်၍ မီးငြှိမ်းသတ်ခြင်းများဆောင်ရွက် ၍ ဈေးသူဈေးသားများအား လက်တွေ့ပြုလုပ်ဆောင်ရွက်စေခြင်းများ ကို လေ့ကျင့်ပေးခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းများဆောင်ရွက်ခြင်းကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဖော်ပြပါ လက်တွေ့သရုပ်ပြခြင်းသို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)