ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမတွင် ဒီရေတောများ၏ အရေးပါပုံအကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီရေတောများ၏ အရေးပါပုံအကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မျိုးပုန့်ပုန့်ဦးက ဒီရေတော  ဆိုသည်မှာ ပင်လယ်ကမ်းစပ် ချောင်းကမ်းပါးများ၌ ပေါက်ရောက်နေသော သဘာဝ ပေါက်ပင်များကို ဒီရေတောဟုခေါ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံထဲတွင် ဒီရေတော အများအပြားရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ဒီရေတောများသည် မုန်တိုင်းဒဏ်နှင့် သဘာဝဘေးအန္တရာယ်ကို ခုခံကာကွယ်ပေးနိုင်သည့်အပြင် ပင်လယ်သယံဇာတများဖြစ်သည့် ငါး၊ ပုစွန်တို့၏ ခိုအောင်းမှီခိုရာ နေရာတစ်ခုလည်း ဖြစ်ကြောင်း၊  ဒီရေတောများသည် ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည့်အတွက် ကမ်းပြိုခြင်း၊ မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးပေးကြောင်း၊ ထို့ကြောင့် ဒီရေတောများ မပျက်စီးရအောင် ဝိုင်းဝန်းကာကွယ်သင့် ကြောင်းများအား အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)