ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ယာယီပျံကျဈေးနှင့် မြို့မဈေး၌ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဟိုပုံး စက်တင်ဘာ ၂၄

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ယာယီပျံကျဈေးနှင့် မြို့မဈေးတွင်  သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက် ၈ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်နေဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းတို့က ယာယီပျံကျဈေးနှင့် မြို့မဈေးသို့ အခြားမြို့နယ်များမှ ဈေးသည်များလာရောက်၍ ဈေးရောင်းချခြင်း ရှိ/မရှိနှင့် ဈေးအတွင်းရှိ ဈေးသည်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးပြီး နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ကြရန်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် သတ်မှတ်ထားသည့် အကွာအဝေး အတိုင်း ဈေးရောင်းချခြင်းများပြုလုပ်ရန်တို့ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကြိုတင်ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ မြို့မဈေး၊ ယာယီဈေးနှင့် ကျေးရွာများရှိဈေးများတွင် စနစ်တကျဈေးရောင်းချနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပတ်စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)