မိုင်းလုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း BA.5 နှင့် BA.4 တို့သည် အစောပိုင်း အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေးများမှ ရောဂါကာကွယ်နိုင်စွမ်းကို ရှောင်လွှဲနိုင်သလို ယခင်ဗိုင်းရပ်စ်များထက်လည်း ပိုမိုကူးစက်လွယ်သောကြောင့် ရောဂါကူးစက်မှုမရှိစေရန်အတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ပြီးမှ ထွက်သည့်အလေ့အကျင့်ဖြစ်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Camping ဆောင်ရွက်ရာတွင် မိုင်းလုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်း က ဦးဆောင်၍ တိုက်နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ Mask နှာခေါင်းစည်း (၅၀၀)ခုကို မိုင်းလုံမြို့အတွင်းရှိ ဈေး၊ လမ်းဆုံများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်အတွင်းတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းများ မပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေး ပြောကြားခဲ့သည်။
ယခုလို Mask Camping ဆောင်ရွက်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)