ဒီးမော့ဆိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

ဒီးမော့ဆို စက်တင်ဘာ  ၁၀

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးရလေအောင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံရွှေက အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူးဒေါ်ရီတာအားမော်တို့က မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန် စေရေးအတွက် မဲစာရင်းစိစစ်ရေးလုပ်ငန်းများနှင့် မဲဆန္ဒရှင်စာရင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော  မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဝင်များက မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေး ဆွေးနွေးကြကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ပထမအကြိမ် ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင် ၅၆၃၉၁ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပုံစံ(၃)ဖြင့် တောင်းဆိုသူ ၈၁၇ ဦး၊ ပုံစံ(၄) ဖြင့် ကန့်ကွက်သူ ၅၁၈ ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ဖြည့်စွက်သူ ၅၀၆၀ ဦးရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)