ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ပြင်ဆင်ထားရှိပြီး ရေပြင်၊ မြေပြင် သရုပ်ပြ လေ့ကျင့်ခြင်း ဆောင်ရွက်

ထီးချိုင့် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲနိုင်ဦး ဦးဆောင်၍ ယမန့်နေ့ ညနေ(၄)နာရီအချိန်က ရေပြင်၊ မြေပြင် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ထီးချိုင့်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရေလုပ်သားများ၊ မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန်နှင့် အချိန်မီကယ်တင်နိုင်ရေး အတွက် ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အသင့်စုဖွဲ့ ထားရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် သရုပ်ပြလေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)