ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့အခါသမယ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား

ပွင့်ဖြူ  ဇူလိုင်  ၁၂

ဝါဆိုလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာ ကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် ငါးကန် အတွင်း ငါးစာကျွေးမွေးကြသူများဖြင့် စည်းကားလျက်ရှိနေကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော် ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

"နှစ်စဉ်နှစ်တိုင်း နေထူးနေ့မြတ်တွေမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့ သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာရောက်ကြတဲ့သူတွေနဲ့ အလွန်စည်ကားပါတယ်။ ဒီနေ့ဟာဆိုရင်လည်း မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆို လပြည့်နေ့ဖြစ်လို့ ဘုရားဖူးဧည့်သည်တွေဟာ မနက်စောစောကတည်းက လာရောက်ပြီးတော့ ဘုရားကြီးကို ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူ၍ ဦးခိုက်ပူဇော်ကြပြီး ဘုရားပရိဝုဏ်အတွင်းရှိ စန္ဒကူးနံ့သာပင်များကို လေ့လာကြတယ်၊ ရှင်မဟာပုဏ္ဏမထေရ်မြတ်ကြီးကိုလည်း ဖူးမြော်ကြတယ်။ နောက်ပြီး တော့ ရှင်မဟာပုဏ္ဏမထေရ်မြတ်ကြီးရဲ့အနားမှာရှိတဲ့ သစ္စာဆေးတော်ကန်ကိုလည်း လေ့လာကြတယ်။ သက်ကြီးဘိုးဘွားတွေကတော့ ဘုရားကြီးကို ဦးခိုက်ပူးဇော်ကြပြီး ဘုရားရင်ပြင်တော်မှာရှိတဲ့နားနေ ပြဿဒ်ဆောင်တွေမှာ တရားဘာဝနာ ပွားများအားထုတ်ကြတာပေါ့ဗျာ။ တစ်ချို့ဒေသခံပြည်သူတွေကလည်း သံဃာ တော်အရှင်သူမြတ်များကို ပင့်ဖိတ်ပြီးတော့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ ဒါ့အပြင် ဘုရားလာတဲ့ပြည်သူတွေဟာ ဘုရားကြီးနားမှာရှိတဲ့ ငါးကန်မှာ ငါစာကျွေးမွေးပြီး ကုသိုလ်ကောင်းမှုပြုကြသူတွေနဲ့ အရမ်းစည်းကားပါတယ်" ဟု အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးမှ ဂေါပအဖွဲ့ဝင်ဖြစ်သူ ဦးကြည်စိုးက ပြောသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ် တော်မူခဲ့သည့်စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ(၅၀၀) ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင် ဘုရားကြီးဖြစ်သည့်အတွက် ယခုလို နေ့ထူးနေ့မြတ်များတွင် ပြည်တွင်းဘုရားဖူးများက စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြ လေ့ရှိကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)