တောင်ငူမြို့တွင် ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့်စည်ကား

တောင်ငူ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင်စေတီတော်များတွင် ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။

တောင်ငူမြို့နယ်အတွင်း ရှေးဟောင်းသမိုင်းဝင်စေတီတော်များ အများအပြားရှိရာ ယနေ့နံနက် ၈ နာရီအချိန်ကစတင်ပြီး စျေးလမ်း၌ တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များ၊ အနီးဝန်းကျင်ရှိ မြို့နယ်များမှ မိသားစုဝင်များက အများဆုံးလာရောက်ကာ ပန်းကပ်၊ ဆွမ်းတော်တင်၊ ဆီမီး၊ ရေသပ္ပါယ်ပြုကြပြီး ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ရုံးထံမှ သိရသည်။

နှစ်စဉ်တောင်ငူမြို့နယ်အတွင်း အခါကြီး ရက်ကြီးများ၌ စေတီဘုရားကျောင်းကန်များတွင် သီလဆောက်တည်သူ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိပြီး အလှူဒါနပြုကြသူများစွာရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)