ပြည်ခရိုင်တွင် ကျွဲ၊ နွားများနှင့် အိမ်မွေးတိရစ္ဆာန်များ အစာပြတ်လပ်မှုမရှိစေရေး “တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်းနှင့် မြက်ချဉ်ဖတ် ထုတ်လုပ်နည်း” သင်တန်း ဖွင့်လှစ်

ပြည် ဇွန် ၂၉

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရုံး၌ ယမန်နေ့ နံနက်ပိုင်းက “တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်းနှင့် မြက်ချဉ်ဖတ် ထုတ်လုပ်နည်း” သင်တန်းဖွင့်ပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ခရိုင် ခြောက်မြို့နယ်မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများနှင့် ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀)တို့တက်ရောက် ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးလင်းက "မိုးတွင်းကာလ မြက်အစိုများ ပေါများချိန်တွင် မြက်ချဉ်ဖတ်ပြုလုပ်သည့် နည်းပညာဖြင့် မြက်ချဉ်ဖတ်ပြုလုပ် သိုလှောင်ထားရှိကာ ခရိုင်‌အတွင်း မြို့နယ်များရှိ ကျေးလက်ပြည်သူ/တောင်သူများ၏ ကျွဲ၊နွားများနှင့် အိမ်မွေးတိရစ္ဆာန်များအား နွေရာသီကာလအထိ အစာပြတ်လပ်မှု မရှိစေရေးနှင့် အာဟာရတန်ဖိုးမြင့်အစာများ ဖူလုံစွာကျွေးမွေးနိုင်ရေးအတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် ပြည်ခရိုင်အတွင်း မြို့နယ်များမှ တက်ရောက်သည့် ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းသား (၂၀)အား အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်အပါအဝင် အခြားအဟာရတန်ဖိုးမြင့် မြက်များ စိုက်ပျိုးနည်းပညာများနှင့် ယင်းမြက်များအား မြက်ချဉ်ဖတ်ပြုလုပ် / ထုတ်လုပ်နည်းပညာတို့ကို သင်တန်းကာလ လေးရက်ကြာ အသေးစိတ် လက်တွေ့သင်ကြား ပို့ချမည်ဖြစ်ကြောင်းနှင့် ယင်းနည်းပညာများကို သင်တန်းတက်ရောက်သူများက မြို့နယ်အလိုက် ကျေးရွာများတွင် ဆင့်ပွားနည်းပညာမျှဝေခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)