ပြည် ဇွန် ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ကြီးမှူးကျင်းပလျက်ရှိသော တိုင်းဒေသကြီး / ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ် / မြို့ရုံးများ၏ အွန်လိုင်းပုံပြောပြိုင်ပွဲ အစီအစဉ်တွင် ပြည်ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒုတိယဆုရရှိခဲ့သော ပေါင်းတည်မြို့နယ် ရုံးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူးက ပေါင်းတည်မြို့နယ် ပြန် / ဆက်ဦးစီးမှူး ဒေါ်အေးအေးဆင့်ထံ ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းပုံပြောပြိုင်ပွဲတွင် စာရေးဆရာ မင်္ဂလာဈင်အောင်ရေးသားသည့် “ပညာလိုအိုသည်မရှိအပါအဝင် စကားပုံ၊ ပုံပြင်များ” စာအုပ်မှ “မိုးခါးရေမသောက်သောမင်း” ပုံပြင်ခေါင်းစဉ်ဖြင့် ပေါင်းတည်မြို့၊ အမက (၁၁) လမ်းကျောင်းမှ စတုတ္ထတန်း ကျောင်းသား မောင်ကောင်းပြည့်ဟိန်းက ယခုနှစ် (မတ်၊ ဧပြီ၊ မေ) သုံးလပတ် ပုံပြောပြိုင်ပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိခဲ့ကြောင်းနှင့် ယင်းဆုရရှိမှုအတွက် ခရိုင်ပြန်/ဆက် ဦးစီးမှူးက ပေါင်းတည်မြို့နယ်ရုံးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပြီးဒုတိယဆုရရှိခဲ့သော ပြိုင်ပွဲဝင်ကျောင်းသား မောင်ကောင်းပြည့်ဟိန်းအား ဦးစီးဌာန(ရုံးချုပ်)မှ ဂုဏ်ပြုဆုငွေ (၈၀၀၀၀/-) ကျပ် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်/မြို့ရုံးများတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက် “လူမှုကွန်ရက်စာမျက်နှာ” များမှတစ်ဆင့် စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများဖြစ်သည့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်နှင့် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များကို ရုပ်/သံဖိုင် ရိုက်ကူးတည်းဖြတ်၍ သက်ဆိုင်ရာရုံးများအလိုက် အွန်လိုင်းတွင် လွှင့်တင်လျက်ရှိပြီး ယင်းအစီအစဉ်များအနက် ပုံပြင်ပြောအစီအစဉ်ကို အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်းဖြတ် လွှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ ဦးစီးဌာန(ရုံးချုပ်)က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သုံးလပတ်(တစ်ကြိမ်) ပုံပြောပြိုင်ပွဲ ကျင်းပပေးပြီး တစ်ခရိုင်လျှင် ခရိုင်ကိုယ်စားပြု ပုံပြင်တစ်ပုဒ်နှုန်းစီ ဝင်ရောက်ယှဉ်စေကြောင်း သိရသည်။
အဆိုပါ ခရိုင်အလိုက် ကိုယ်စားပြု ပြိုင်ပွဲဝင်ပုံပြင်များကို နေပြည်တော်ရှိ ပြင်ပပညာရှင် စာရေးဆရာများ အပါအဝင် Book Club, Women's Club နှင့် Youth's Club တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အကဲဖြတ်စိစစ်ရေးအဖွဲ့ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၅)ဆု အပါအဝင် စုစုပေါင်း ဆု(၈)ဆုအား သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ကြည့်ရှုအမှတ်ပေးစိစစ်ရွေးချယ်၍ ပထမဆုအတွက် ငွေကျပ် တစ်သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သောင်း၊ တတိယဆု ငွေကျပ်ငါးသောင်းနှင့် အထူးဆု(၅)ဆုအတွက် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)