စစ်တွေမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးနည်းသရုပ်ပြ

စစ်တွေ    ဇွန်  ၂၅

စစ်တွေမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင်များစိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာရှိ တောင်သူ ဦးစောမောင်လှ၏ မြေယာအတွင်းကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါက်တာ ဟန်ဝင်းအောင်နှင့် ဝန်ထမ်းများက စစ်တွေမြို့နယ်အတွင်း တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန် များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာကျွေးမွေး နိုင်ရန်၊ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွင် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော တိရစ္ဆာန်အစာပင်များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက်မျိုးများကို စနစ်တကျစိုက်ပျိုး ဆောင်ရွက်နိုင်စေရန် တောင်သူပညာပေးဆွေးနွေးပြောကြားကြသည်။ ထို့နောက်   ဒေသခံတောင်သူ များနှင့်အတူပါဝင်ပြီး နေဗီယာမြက်မျိုးများကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို နွေရာသီအစာရှားသည့်အချိန်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအာဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီးရိတ်ကျေးနိုင်သောစနစ် ကို ပြောင်းလဲကျင့်သုံးနိုင်စေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)