ပဲခူး ဇွန် ၂၄
၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုမူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် “မူးယစ်ဆေးဝါးပပျောက်ရေးပြည်သူအားလုံးပါဝင်ပေး”၊ “အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ ဉာဏ်စမ်းအမေးအဖြေ အစီအစဉ် ဆောင်ရွက်ရာ အကောင်းဆုံး ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးမှူးမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ကြောက်မက်ဖွယ်ကောင်းပုံများ ပါဝင်သော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားကြည့်ရှုကြပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲသို့ အ.လ.ကခွဲ(မြို့တွင်းကြီး)ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ (၁၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်