ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

ဝန်းသို စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင်  နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ CERP အစီအစဉ်အရ Cash For Work စီမံကိန်းလုပ်ငန်းကို ကျေးရွာပေါင်း ၆ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျောက်တိုင်ကျေးရွာ Cash For Work စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ထားရှိမှုအခြေအနေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံ ဒေါ်အိမွန်ဟိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီမံကိန်းလုပ်ငန်းခွဲများဖြစ်သော အလျား ၉ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတား နှစ်စင်း၊ အရှည် ၂၅၀၀ပေ ၊ အကျယ် ၂ ပေ၊ အမြင့် ၂ ပေရှိ ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းတို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြပြီး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စီမံကိန်းလုပ်ငန်း သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးနိုင်ရေးအတွက် မှာကြားခဲ့သည်။

ကျောက်တိုင်ကျေးရွာတွင် စီမံကိန်းသဘောသဘာဝအရ ကော်မတီဝင် (၉)ဦး၏ ဦးဆောင်မှုဖြင့် ကျား(၁၉)ဦး၊ မ(၁၈) ဦး တို့ကို  Labour Intensive စနစ်ဖြင့် လုပ်အားခပေးချေပြီး စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ မိသားစုများကိုလည်း ဝင်ငွေ ရရှိစေပါကြောင်း၊ လုပ်ငန်းများ ပြီးစီးပါက နှစ်စဉ် ရွာတွင်းရေကြီးရေလျှံမှုကို သက်သာလျော့ပါး စေသည့်အပြင် အိမ်ခြေ၊ အိမ်ထောင်စု(၄၄)ခု၊ လူဦးရေ(၁၈၈)ဦးတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ ဒေါ်အိမွန်ဟိန်း ထံမှသိရသည်။

ကျော်မြိုင် (ပြန်/ဆက်)