စစ်ကိုင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေး

စစ်ကိုင်း စက်တင်ဘာ ၈

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်ရှိ ကျောက်စိမ်းပုတီးဝိုင်း လုပ်ကိုင်ဆောင် ရွက်နေကြသည့် နေရာများသို့ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကိုင်းမြို့ပေါ်မှာ နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူတွေကို နှာခေါင်းစည်းများ တပ်ဆင်သွား လာကြစေရန် အသိပညာပေး နှိုးဆော်ပေးပြီး နှာခေါင်းစည်းတွေကိုလည်း အခမဲ့ဖြန့်ဝေပေးနေတာပါ အခုလည်း ဒီကျောက်စိမ်း ပုတီး လုပ်ငန်း ဆောင်ရွက်နေကြတဲ့ ပြည်သူတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ထုတ်ပြန်ချက်တွေကို စနစ်တစ်ကျ လိုက်နာနိုင်အောင် အသိပညာပေး ဆောင်ရွက် ပေးပြီး နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့/ လက်သန့်ဆေးရည်များ မကြခဏဆေးကြောသွားကြဖို့ တိုက်တွန်းနှိုး ဆော်ပေးတာပါ" ဟု မြို့နယ်ကြက်ခြေနီ အသင်းခွဲ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

စစ်ကိုင်းမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များက နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်ဆေးရည်များ ဆေးကြော စေခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်