ချောင်းဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား (၇၂၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့

ချောင်းဦး စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီခန်းမတွင် ယမန်နေ့ညနေပိုင်းက အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား (၇၂၆) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲနှင့် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ရဲမှူးဝင်းအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်မှ နိုင်ငံတော်က ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပေးအပ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစဉ်များတွင် လိုအပ်မည့် ကာကွယ်ရေး အသုံး အဆောင်များထဲမှ ကော်မတီအနေဖြင့် တတ်နိုင်သလောက် နှာခေါင်းစည်းများနှင့် မျက်နှာ အကာများ ပေးအပ်တာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ချောင်းဦးမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် အဖိုးအဖွား (၇၂၆) ယောက်အတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် ငွေ (၂၁၇၈၀၀၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။ ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့သော ကာကွယ်ရေး ဆက်စပ်ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများသို့ ပေးအပ်ခဲ့သည်။

ဝင်းမြင့်အောင် (ပြန်ဆက်)