ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင်အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ် အတွင်း ပြုတ်ကျမှုဖြစ်ပွား

ကလေးဝ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က ကလေး-ကလေးဝ ကားလမ်း သစ်ချောက်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ နစ်မြုပ်ခဲ့ကြောင်း ကလေးဝမြို့နယ် မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တမူးမြို့မှ ကလေးဝမြို့သို့ မောင်းနှင်လာသော Ford Ranger အမျိုးအစား ခဲရောင် အိမ်စီးကား တစ်စီးသည် သစ်ချောက်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅  အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာ ဘက်ခြမ်းရှိ မြစ်သာမြစ်အတွင်း ပြုတ်ကျနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ခဲ့ရာ ယာဉ်မောင်းမှာ နေရာတွင်သေဆုံးသွားပြီး ယာဉ်ပေါ်ပါ လူနှစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ကလေးဝမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

သက်ဟန်(ကလေးဝ)