မုဒုံ ဇွန် ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်နေသည့် သင်တန်းသူများအား ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက သင်တန်းကျောင်း၌ ပြုလုပ် ကျင်းပသည်။
မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လက်ရက်ကန်းသင်တန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် (ပထမအကြိမ်) ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသူများ သင်ကြားသည့် ဘာသာရပ်များအား အရည်အချင်း ပြည့်ဝစေရန်နှင့် လက်တွေ့အပြင် စာတွေ့အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သင်တန်းသူများအား အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်က ပြောကြားသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၁၅ ဦးအား သင်တန်းနည်းပြ သုံးဦးတို့က လက်ရက်ကန်းဘာသာရပ်၊ အထည်ဒီဇိုင်းဘာသာရပ်၊ အဖြူချွတ်ဆေးဆိုး ဘာသာရပ်၊ အထည်သင်္ချာဘာသာရပ်၊ တိုင်းရင်းသားရိုးရာနှင့် ဂျပ်ခုတ်ဘာသာရပ်များကို (၆)လကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)