ခန္တီးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းဝေးပြုလုပ်

ခန္တီး စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမဆောင်တွင် ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းဝေး ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းအောင် က ခန္တီးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်  ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ဥက္ကဋ္ဌ ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သော အများ ယုံကြည်လေးစားခံ ရသူ (၅) ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊  ဥပဒေ၊ စာရင်းစစ်နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ခရိုင်ဦးစီးမှူးများ အပြင် ရွေးကောက်ပွဲတွင် ခန္တီးခရိုင်အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၉) ပါတီ နှင့် တစ်သီးပုဂ္ဂလမှ (၁) ဦးစီ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုနှင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက် လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် အတွက် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်စာအရ သိရသည်။

အမ်းအင်းလမ်း (ပြန် /ဆက်)