ညောင်လေးပင် ဇွန် ၁၇
ပြည်သူများစာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန် က စာအုပ်စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ မှိုင်း(ဆေး-၂) ရေးသားထားသော ကိုယ်တိုင်လျှောက်သောလမ်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီ၀င်းက စာဖတ်ဝိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး "အားနာသင့်မှအားနာမယ်"ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားခဲ့သည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင်တစ်ဦးမှ အသစ်အဆန်းများနဲ့နှစ်တစ်နှစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ ပထမဆုံးအကြိမ်အိမ်သို့အပြန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင်တစ်ဦးမှ လမ်းတစ်ဖက်မှမိတ်ဆွေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)