ရေကြည် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မျှော့တူငါးမွေးကန်၊ ကျောက်ခဲချောင်းကျေးရွာနှင့် ကုန်းပြင်ကျေးရွာရှိ ငါးမွေးတောင်သူများထံသို့ သွားရောက်ကာ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်၊ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ငါးမွေးတောင်သူ (၆) ဦးထံသို့ ငါးကန်တစ်ဧကလျှင် ငါးသားပေါက် အကောင်ရေ (၂၀၀၀) နှုန်းဖြင့် ငါးမွေးဧက (၈၃.၃၈) ဧကအတွက် ငါးမြစ်ချင်း သားပေါက်အကောင်ရေ (၁၆၆၇၆၀) ကို ပထမအကြိမ် အခမဲ့ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)