မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery & Snack အမျိုးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

အထက်မင်းလှ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သရက်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု Bakery & Snack အမျိုးမျိုးပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက မလွန်ကျေးရွာအုပ်စု၊မလွန်ကျေးရွာ၊ စကြောဘုန်းတော်ကြီး ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းမှသင်ကြား ပေးခဲ့သည့် နည်းပညာများ အား ဆက်လက်အသုံးချလုပ်ကိုင် ဆောင်ရွက်ရန်ပြောကြားခဲ့သည်။ ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သရက်ခရိုင် ဦးစီးမှူး ဦးသန်းဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က Bakery & Snack အမျိုးမျိုးပြုလုပ် နည်းသင်တန်းတွင် သင်ကြား‌ပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများ အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery & Snack အမျိုးမျိုးပြုလုပ်နည်း သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသား၊သင်တန်းသူ(၂၀)ဦးအား ဇွန်(၁၀) ရက်နေ့မှ (၁၆)ရက်နေ့ထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)