မင်းကင်း ဇွန် ၁၅
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျွန်းတော်(တောင်) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မင်းကင်းမြို့နယ်၊ ကျွန်းတော်(တောင်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ (၆၅)ဦးနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၅)ဦး စုစုပေါင်း(၇၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း၊ သက်ဆိုင်ရာအချက်အလက်များကို မိဘအုပ်ထိန်းသူများမှ သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး စိုးရိမ်ရသည့်ရောဂါလက္ခဏာရှိ၊မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၇၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)