ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် သံပုရာပင်သီးနှံ စိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းကာ ဈေးကွက်အတွင်း နေ့စဉ်ဆွတ်ခူးရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ရှိ သံပုရာပင်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် အားထားလုပ်ကိုင်ကြပြီး ဒေသခံတောင်သူအများစုက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေ ရရှိစေရန် မိမိတို့၏ အိမ်ခြံဝန်း၊ မြေကွက်လပ်များနှင့် ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ မြေအောက်ရေဖြင့် စားဖိုဆောင်သီးနှံမျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အဆိုပါ စားဖိုဆောင်သီးနှံများတွင် သံပုရာပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း နေ့စဉ် သံပုရာသီးများ လှိုင်လှိုင်ဆွတ်ခူး ရောင်းချနေရသဖြင့် လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံပြည်သူတွေဟာ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ အရင်တုန်းကတော့ စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ကြတာပါ။ ခုနောက်ပိုင်း စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အသိအမြင်တွေလည်း ပိုမိုရရှိလာတော့ စိုက်ပျိုးရေးလုပ်ငန်းကို သီးနှံအထွက်နှုန်းကောင်းတဲ့ နည်းစနစ်တွေကို ပြောင်းလဲစိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ အများသောအားဖြင့် ဒေသခံတောင်သူအများစုက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိတဲ့ စားဖိုဆောင်သီးနှံများကို အားထားလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေတာကြောင့် သီးနှံစိုက်ခင်းတွေလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်ဗျ။ စားဖိုဆောင်သီးနှံတွေထဲမှာ သံပုရာသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာလည်း နေ့စဉ် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေတယ်ဗျ။ သံပုရာပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အစေ့ချစနစ်နဲ့ စိုက်ပျိုးလို့ရသလို မျိုးဆက်ပွားကိုင်းကူးတဲ့စနစ်နဲ့လည်း စိုက်ပျိုးလို့ရပါတယ်။ အစေ့ချစနစ်နဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ပေခွဲပတ်လည် မြေကျင်းတူးပြီး နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကို ထည့်ပြီး ရေအစိုဓာတ်ရအောင် ပြုလုပ်ပေးပြီး စိုက်ပျိုးရပါတယ်။ ပင်ခြားတန်းခြားကို အနည်းဆုံး ၉ ပေ၊ ၁၀ ပေခန့်ထားပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး (၂)နှစ်ကြာရင် အသီးအပွင့်များ စတင်ထွက်ရှိပါတယ်။ ခုဆိုရင်ကျွန်တော် စိုက်ပျိုးထားတဲ့ သံပုရာပင်တွေဟာ အသီးများလှိုင်လှိုင် ဆွတ်ခူးရောင်းချနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သံပုရာသီး တစ်လုံးကို ငွေကျပ် ၅၀ ရောင်းချရပါတယ်။ နွေရာသီချိန်ဆိုရင် သံပုရာသီး ရှားပါးတဲ့အချိန်ဖြစ်လို့ တစ်လုံးကို ၁၅၀၊ ၂၀၀ နှုန်း ရောင်းရပါတယ်။ သံပုရာပင်သီးနှံဟာ တစ်နှစ်(၃)ကြိမ် သီးတာဖြစ်လို့ တစ်ပင်ဆိုရင် သံပုရာသီး အလုံးရေ ပျမ်းမျှ ၈၀၀၊ ၁၀၀၀ ခန့် ဆွတ်ခူးရပါတယ်။ ဒါ့ကြောင့် သံပုရာပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းဟာ စီးပွားရေး တွက်ခြေကိုက်တဲ့ နှစ်ရှည်သီးနှံဖြစ်လို့ စိုက်ပျိုးသင့်ပါတယ်”ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)