စစ်ကိုင်း ဇွန် ၈
စစ်ကိုင်းမြို့တွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၃) နာရီအချိန်က နန်းဦးမြို့သစ် ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေး၊ ဝန်ထမ်းအိမ်ယာ၊ တိုက်အမှတ်(၁၇)၊ အခန်း (၀၀၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင်မှာ လိုအပ်နေတဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ရုံးဖွင့်လှစ်နိုင်တဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ကူညီထောက်ပံ့ပေးရာတွင် ယခင်က မုံရွာမြို့မှ အချိန်ယူလာရောက်ရခြင်းမျိုးမရှိတော့ဘဲ မြို့တွင်းမှာရှိနေသည့်အတွက် အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ လုပ်ငန်းများဆောင်ရွက် နိုင်တော့မည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့အနေဖြင့် နှစ်စဉ်ရေဘေးရှောင်ပြည်သူများရှိနေပြီး ပြည်သူများရဲ့လုံခြုံရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးအခြေအနေ များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အဆင်ပြေ အောင်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကဌာန၏ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားပေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာ များ ပတ်ဖျန်းပေးခဲ့ကြသည်။
အဆိုပါရုံးသစ်ဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်