ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးသွားမည်

ပွင့်ဖြူ ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ၂၀၂၂-၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ စပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ နေကြာ၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့် သီးနှံများကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်အောင် သီးနှံစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဖြူးပေးဝေသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ယခု ၂၀၂၂ -၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ် အိုင်းမဆည်ရေဖြင့် ၂၆၅၆ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့် ၈၈၂ ဧက  အခြား ဆည်/ကန်စနစ်ဖြင့် ၃၀၂ ဧက ၊ ရေစုပ်စက်စနစ်ဖြင့် ၂၄၉၃ ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် ၁၁၇၂ ဧက၊ စုစုပေါင်း မိုးစပါး သီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခုလ (၁၅)ရက်နေ့တွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ယခုလက်ရှိတွင် ဒေသခံတောင်သူများက မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နွေနှမ်းစိုက်ခင်းများကို ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ ဒေသခံ တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ နယ်မြေအလိုက် ကွင်းတာဝန်ခံများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )