မယ်စဲ့ ဇွန် ၃
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက်မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ကျောင်းစတင် တက်ရောက်ကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းတို့က လှည့်လည်ကြည့်ရှုခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ယခုစာသင်နှစ်၌ အခြေခံပညာကျောင်း ၇ ကျောင်း ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၉ ဦး တက်ရောက် ပညာသင်ကြားနေကာ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့များ၊ ကျောင်းသားမိဘများက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)