ဖားဆောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဖားဆောင်း ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာသင်ကျောင်းများဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်က ဖားဆောင်းမြို့ပေါ် အခြေခံပညာကျောင်းများအပြင် ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးပြီး ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖားဆောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့်တာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)