ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် ဒေသခံတောင်သူများက မိုးနေကြာသီးနှံများ ကြိုးပမ်းစိုက်ပျိုး

ပွင့်ဖြူ ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးနေကြာသီးနှံ ၅၆၁၂ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများက မိုးဦးမိုး ရွာသွန်းသဖြင့် မိုးနေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။  

"ယခု ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရန်၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်ပြီးတော့ မိုးနေကြာသီးနှံ ၅၆၁၂ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ မိုးနေကြာသီးနှံ (သီးညှပ်)အဖြစ် စိုက်ပျိုးမည့် ကျေးရွာအုပ်စု (၄၄)အုပ်စုက ဒေသခံ‌တောင်သူများကိုလည်း အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကကို နေကြာသီးနှံ (၁)ပြည်နှုန်းဖြင့် နေကြာသီးနှံမျိုးစေ့ တင်းရေ (၉၀)ကျော် ဖြန့်ဝေထောက်ပံ့ပေးထားပါတယ်။ ယခုဆိုရင် ကျွန်မတို့မြို့နယ်မှာ မိုးဦးမိုးရွာသွန်းတဲ့အတွက် ဒေသခံတောင်သူများက မိုးနေကြာသီးနှံကို ထွန်ယက်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ နေကြာသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျသုံးစွဲတတ်စေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ပြီးတော့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နောက်ပြီး နေကြာသီးနှံဟာဆိုရင် အခြားသောသီးနှံတွေထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာတဲ့အပြင် ဈေးကွက်လည်းရှိတာကြောင့် တောင်သူတွေအနေနဲ့ အားထားစိုက်ပျိုးသင့်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ အဓိကအားထား စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲသီးနှံနှင့် ဖူးစားပြောင်းတို့ဖြစ်ပြီး အချို့တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိစေရန် စားဖိုဆောင်သီးနှံများကိုလည်း တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။     

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )