ဂွ ဇွန် ၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က မြို့နယ်အတွင်း အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေပြင်ပ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကောင်းစံမြတ်က မြို့နယ်အတွင်း အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရခြင်း၏ အကျိုးကျေးဇူး၊ ထိုးနှံမည့် အစီအစဉ်၊ ဖြစ်ပေါ်လာနိုင်သည့် ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမည့် အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ဇွန်လ(၂)ရက်နေ့၊ နေ့လည်၁နာရီခွဲတွင် ဂွမြို့ အ.ထ.က စုရပ်၌ အ.ထ.က(ဂွ)နှင့် မူလွန်(ရွာမ) ကျောင်းများမှ Grade-4/Grade-5/Grade-6 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်၌ အ.ထ.ကကျိန္တလီနှင့် ကျိန္တလီမူလွန် အမှတ်-၅ ကျောင်းများမှ Grade-4/Grade-5/Grade-6 ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ကာကွယ်ဆေးများ စတင်ထိုးနှံပေးမည်ဖြစ်ပြီး ဇွန်လ(၃)ရက်နေ့တွင် ဂွမြို့ အ.ထ.က စုရပ်၌ အ.လ.က(မြို့သစ်) ကျောင်းနှင့် အ.လ.ကခွဲ(ကင်းရုံး) ကျောင်းများမှ Grade-4/Grade-5/Grade-6 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်၌ မူလွန်ငရံ့ကျော်နှင့် အ.မ.က ရာပြည့် ကျောင်းများမှ Grade-3 /Grade-4/Grade-5/Grade-6ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ မိဘအုပ်ထိန်းသူများက သဘောတူခွင့်ပြုမှသာ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ မိဘ အုပ်ထိန်းသူများက ကာကွယ်ဆေးထိုးရန် လာရောက်ပါက မှတ်ပုံတင်ပါတစ်ပါတည်း ယူဆောင်လာကြပါရန်နှင့် ကာကွယ်ဆေး မထိုးနှံရသေးသော်လည်း ကျောင်းတက်လက်ခံ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော် (ပြန်/ဆက်)