အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ  ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အမ်း ဇွန်လ ၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ပြုလုပ်ကြောင်းသိရှိရသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ​ဥက္ကဋ္ဌ ဗိုလ်မှူး မျိုးမင်းသန့်က အမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း (၂၁၈)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းရှိ  အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ (၁၉၂၆၅)ဦးအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်မိုးတို့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တပ်တောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရှုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌  ဇွန်လ(၁)ရက်နေ့မှစတင်ကာ (၁၆)ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ၊  မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ဝင်များက  ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။

စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်