မင်းလှမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင်  e-ID စနစ်ဖြင့် Software ရေးသွင်း ဆောင်ရွက်မှု (၁၀၀)ရာနှုန်း ပြီးစီးခြင်းအခမ်းအနား ကျင်းပ

အထက်မင်းလှ ဇွန် ၁

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် e-ID စနစ်ဖြင့် Software ရေးသွင်းဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို e-ID Software အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Software ရေးသွင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးတို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)