ရေကြည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်း ဆင်းပွဲကျင်းပ

ရေကြည် ဇွန် ၁

ဧရာဝတီတိုင်းသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ   ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အရ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာလင်းက  နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည်မျိုးဆက်သစ် လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာမူတည်နေသည့်အတွက် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်၊ စနစ်နှင့်အညီ မဖြစ်မနေ တတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုအနေဖြင့် တတ်မြောက်ထားရှိပြီး လူငယ်များ၏ အနာဂတ်ဘဝတိုးတက်မှုအခွင့်        အလမ်းကောင်းများ ရရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ သင်တန်းသားများ ကိုယ်စားလက်ခံရယူခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ပြီး ကွန်ပျူတာသင်တန်းကို ရွှေဘိုမြို့နယ် ABC Professional Training Center မှ ဆရာ ဖြိုးဝေလျှံ နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ စာတွေ့လက်တွေ့ သင်ကြား ပို့ချ‌ပေးခဲ့ကြောင်းသိရသည်။

အောင်သူဟန် (ပြန်/ဆက်)