နတ်မောက်မြို့နယ် ပ-ကျားထူးကျေးရွာ မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Covidshield) ထိုးနှံပေး

နတ်မောက်   ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည့်အပြင် ယနေ့နံနက် (၈)နာရီအချိန်ခန့်က ပ-ကျားထူးကျေးရွာ၊ မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား  ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Covidshield) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ပင်မစစ်လက်နက်ပစ္စည်းတပ် (နတ်မောက်) ဗိုလ်မှူးချုပ် မျိုးမင်းထူးနှင့် ဆေးအဖွဲ့များက မြတ်ဂုဏ်ပြည့်ဘိုးဘွားရိပ်သာရှိ  အဘိုး/အဘွား (၄၅)ဦးအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Covidshield) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

သင်းသင်းမြတ်