မယ်စဲ့မြို့နယ် အခြေခံပညာကျောင်း ၇ ကျောင်း၌ ကျောင်းအပ်နှံမှုသီတင်းပတ် ၆ ရက်အတွင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၅၈၃ ဦး လာရောက်အပ်နှံ

မယ်စဲ့  ဇွန်   ၁

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ထားသည့် အခြေခံပညာကျောင်း ၇ ကျောင်း၌ မေ ၂၆ ရက်မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို  လက်ခံဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၅၈၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ မူလွန်ကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၄ ကျောင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ သတ်မှတ်ထားရာ မေ ၃၁ ရက်နေ့အထိ ၆ ရက်အတွင်း အခြေခံပညာကျောင်း ၇ ကျောင်းတွင် မူလတန်းအဆင့် ၄၂၅ ဦး၊ အလယ်တန်းအဆင့် ၁၂၁ ဦး၊ အထက်တန်းအဆင့် ၃၇ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈၃ ဦး လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်