ဘူးသီးတောင် ဇွန် ၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ ပန်ဇင်းချောင်းတံတားအောက်တွင် စုရပ်ထားရှိကာ "ရေဘေးအန္တရာယ်" ရွှေ့ပြောင်းကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ WDAB အနောက်တံခါး လူမှုကူညီရေး အသင်းဝင်များ၊ ရွှေဘူးသီး လူမှုကူညီရေး အသင်းဝင်များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်နှင့်တပြေးညီ လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမုန့်၊ ရေသန့်ဘူးများနှင့် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဘေး(၅)မျိုး ပါဝင်သော လက်ကမ်းစာစောင် (၃၅၀)စောင်တို့ကို ဖြန့်ဝေပေးခဲ့သည်။
သရုပ်ပြအခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကာ ပြည်သူလူထုများ ကလည်း ပူးပေါင်းပါဝင်ပြီး မိုးရာသီကာလ "ရေဘေးအန္တရာယ်" ရွှေ့ပြောင်းကယ်ဆယ်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)