မိုးစပါးစိုက်တောင်သူများ မြေဩဇာနှင့်ပိုးသတ်ဆေးသုံးစွဲရန် စိုက်ပျိုးရေးဆေးဆိုင်များတွင် လေ့လာရွေးချယ်ဝယ်ယူ

ကြို့ပင်ကောက် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ တောင်သူအများစုမှာ ၂၀၂၂ ခုနှစ် မိုးစပါးအတွက် မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများ ဝယ်ယူသုံးစွဲရာတွင် ရောင်းချသောဆိုင်များတွင်သာ လေ့လာဝယ်ယူနေရကြောင်း မိုးစပါးစိုက်တောင်သူ တစ်ဦးကပြောသည်။

မိုးစပါးတစ်ရာသီလယ် ၁၀ ဧကအတွက် ပုလဲ ၁၀ အိတ်၊ ပိုတက်ဆီယမ်ဆာလဖိတ် ၁၀ အိတ်         ပေါင်းသတ်ဆေးအနေဖြင့် စပါးမစိုက်ခင် ပြောင်ရှင်းသုံးပြီး စိုက်ပြီးချိန်တွင် ရွေးချယ်ပေါင်းသတ်ဆေးသုံးကြောင်း၊ တစ်ရာသီလုံးအတွက် သုံးသိန်းခန့်ကုန်ကျနိုင်ကြောင်း၊ ဝယ်နေကျဆိုင်တွင်ရှိသော လက်ကမ်းစာစောင်များနှင့် ပါရှိသောဆေးအညွှန်းများကိုသာ ကြည့်၍ဝယ်ယူနေကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်မေးမြန်းဝယ်ယူသော တောင်သူနည်းပါးကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးကပြောသည်။

တောင်သူအများစုသည် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများကို လက်ငင်းစနစ်ဖြင့်သာဝယ်ယူပြီး ဘဏ်ထုတ်ပေး၊ သီးနှံပေါ်ပေး၊ တစ်လနှစ်လဆိုင်းအနေဖြင့် ရောင်းချရမှုနည်းပါကြောင်း၊ ယခုအချိန်တွင် ပေါင်းသတ်ဆေးများကိုသာ အများဆုံးရောင်းချရကြောင်း၊ ဓါတ်မြေဩဇာများတွင် ပုလဲဓါတ်မြေဩဇာ အများဆုံးရောင်းချရကြောင်း စိုက်ပျိုးရေးဆေးရောင်းချသူတစ်ဦးကပြောသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)