မင်းဘူး ဇွန် ၁
ကျောက်ကုတင်ရေတံခွန်နှင့် စေတီပုထိုးများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ပါဒခြေတော်ရာ ပရဝုဏ်အနီးတွင် တည်ရှိကြောင်း သိရသည်။
ကျောက်ကုတင်ရေတံခွန်ကို မင်းဘူးမြို့မှ ကားဖြင့်သွားပါက တစ်နာရီခန့် မောင်းရပြီး၊ မန်းရွှေစက်တော် ဘုရားအနီး၊ ဘုရားရွာ အနောက်ဘက် (၂) မိုင်ကျော်ကျော်တွင်တည်ရှိကာ နွေ၊ မိုး၊ ဆောင်း အမြဲမပြတ် တသွင်သွင် စီးဆင်းနေသော စိမ့်စမ်းရေများနှင့် ကျေးငှက်တိရစ္ဆာန်ကလေးများ၏ အလွန်သာယာ ချိုအေးသော အသံသာသာကလေးများဖြင့် တွန်မြည်ပုံများမှာ နဝင်ပီယံ ဖြစ်လှပါသည်။
ကျောက်ကုတင်အနီးတွင် ဘိုးတော်တောင်တန်းဟုခေါ်သော တောင်တန်းတစ်ခုတည်ရှိပြီး ထိုတောင်တန်းပေါ်တွင် ရှေးအခါက သူတော်စင်များ တရားရှာမှီးပြီး စေတီငယ်ကလေးများကို နောင်လာနောက်သားများ ကိုးကွယ်စိမ့်သောငှာ တည်ထားခဲ့သောကြောင့် အဆူ (၃၀) ကျော်ပင်ရှိကြောင်း သိရသည်။
“သပြေစမ်းနှင့် မြနန်းယာဉ် ကျောက်သားကုတင်’’ ဟု ဆိုရိုးစကားနှင့်အညီ သပြေစမ်းရွာအနီးတွင် တည်ရှိပြီး၊ မြနှင့်ပြုလုပ်ထားသည့် ကျောက်သား ကုတင်ပမာ စိမ်းဖန့်ဖန့် ကျောက်သားပြင်ပေါ်တွင် တသွင်သွင်စီးဆင်းနေသော ရေအလျှင်တို့သည် မြင်သူတကာတို့အဖို့ ဆွတ်ပြန့် ကြည်နူးစရာပင် ကောင်းလှပါသည်။ မည်သို့ပင် ရှိစေကာမူ တန်ခိုးကြီး စေတီပုထိုးများ၊ အမြဲမပြတ် စီးဆင်းနေသော စိတ်ကြည်နူးစရာ ရေတံခွန်စိမ့်စမ်းများနှင့် ကျေးငှက်သာတကာများ၏ လွမ်းဆွတ်တသဖွယ်ရာ အော်မြည်ဆော့ကစားပုံများကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်အာရုဏ်ကို ညှို့ယူဖမ်းစားနိုင်ပေအုံးတော့မည် ဖြစ်ပေတော့သည်။
ဇေယျာထက်(မင်းဘူး)