မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် အခြေခံကလေးပန်းချီနှင့် Grammar သင်တန်းဆင်းပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က အခြေခံ‌ကလေးပန်းချီနှင့် အင်္ဂလိပ်စာအခြေခံ Grammar သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအနေနှင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိတို့ဘဝ တိုးတက်ရေးအတွက် သင်ယူတတ်သည့် အလေ့အထကောင်းများ ရရှိစေလိုကြောင်း၊ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ Community Centre တွင် သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ပြည်သူများ အသိပညာပြန့်ပွားရေး Talk Show အစီအစဉ်များ၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပန်းချီပညာရှင် ဆရာဦးဇော်ဝင်းနှင့် Grammar နည်းပြဆရာ ဦးဌေးဝင်းတို့မှ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ ရုပ်ပုံပန်းချီးရေးဆွဲပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိသော သင်တန်းသား၊ သင်တန်းသူ (၁၂) ဦး သင်တန်းဆင်းလက်မှတ်ရရှိသူ (၁၄) ဦးနှင့် အင်္ဂလိပ်စာအခြေခံ Grammar သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်ရရှိသူများအား အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပန်းချီပညာရှင်များက ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)